Powered By Blogger

Tuesday, May 19, 2015

တကယ်လို့များ

တကယ်လို့များ သူ့ကို တနေ့နေ့တချိန်ချိန်မှာ တွေ့ဆုံခွင့်ရခဲ့ရင်တော့ မပြောတော့ဘူးလို့ မျိုသိပ်ထားတဲ့ စကားလုံးတွေရယ် အရောင်ပျယ်လွင့်နေတဲ့ သီချင်းလေးတွေနဲ့ ဘဝမှာ မေ့ပျောက်လို့မရမယ့် နေ့လေးတနေ့တော့ ဖြစ်လာမှာပါ .. သူ့ကို ဘယ်လိုဘဝမျိုးမှာဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်နားလည်နိုင်တဲ့ ကိုယ်ချင်းစာစိတ်တွေနဲ့ နှုတ်ဆတ်ပါ့မယ် .. ဘဝဆိုတာ စာရွက်အလွတ်တွေနဲ့ အသက်မဲ့နေတဲ့ စာအုပ်အသစ်စက်စက်မှ မဟုတ်တာ .. တကယ်တော့ စကားလုံးတွေ ဖျက်ရာတွေနဲ့ အသက်ဝင်နေတဲ့ ဒိုင်ယာရီစာအုပ်ပါ .. ခဏတာတွေ့ရမယ့် အချိန်လေးကို တန်ဖိုးထားပြီး မေ့ပျောက်လို့မရမယ့် ပုံရိပ်တွေအဖြစ်နဲ့ ကျန်ရစ်ခဲ့စေမှာပါ ..

တကယ်လို့များ သူနဲ့ကျွန်တော်ဟာ ကျောချင်းကပ်ပြီးတော့မှဝေးနေတဲ့ ဘဝရဲ့ဝင်္ကပါထဲမှာ လမ်းစပျောက်နေရင်တော့ မပြောတော့ဘူးလို့ မျိုသိပ်ထားတဲ့ စကားလုံးတွေရယ် အရောင်ပျယ်လွင့်နေတဲ့ သီချင်းလေးတွေကို တခါတလေတိုက်ဆိုင်လာတတ်တဲ့ လွမ်းဆွေးနေမယ့်နေ့တွေမှာ အမှတ်တရထုတ်ကြည့်နေမိမှာပါ .. သူ့ကို ဘယ်လိုနေရာမှာဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်နားလည်နိုင်တဲ့ ကိုယ်ချင်းစာစိတ်တွေနဲ့ အဝေးကနေ မှန်းဆကြည့်နေပါ့မယ် .. ဘဝဆိုတာ ဂန္တဝင်ဝတ္ထုတွေလိုမှ ဇာတ်လမ်းအနိမ့်အမြင့်အတက်အကျနဲ့ စိတ်လှုပ်ရှားစရာမှ မဟုတ်တာ .. တကယ်တော့ ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်တွေရဲ့စည်းချက်တွေမှာ သူဟာအနီးဆုံးမှာရှိနေတယ်လို့ ခံစားနေဦးမှာပါ .. တသက်တာ စောင့်ဆိုင်းနေတာမဟုတ်ပေမယ့် သူပြန်လာမယ့်အချိန်တွေရဲ့ပုံရိပ်တွေ ကျွန်တော့်ရဲ့ အသက်ရှင်ချိန်တွေနဲ့အတူ ရှင်သန်နေမှာပါ ..

Thursday, May 07, 2015

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

အနှစ်နှစ်ဆယ်ကျော်ဘဝခရီးမှာ
အမေထွက်ခွါသွားတဲ့နောက်မယ်
အချစ်ဆိုတာကိုအရူးတစ်ယောက်လို
ရှာဖွေရင်းလမ်းပျောက်ကွယ်
ထမင်းချိုင့်ကိုလက်တစ်ဖက်နဲ့ဆွဲကိုင်ကာ
လိုင်းကားတွယ်စီးရင်းကျောင်းတတ်ခဲ့နေ့တွေရယ်
အသဲတွေအကြိမ်ကြိမ်ကွဲရင်း
အနာဂတ်ကိုငိုသံတွေအဖြစ်ကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

အိမ်နောက်ဖေးကထိုင်ခုံလေးပေါ်မှာ
ဂစ်တာတစ်လက်နဲ့ညသန်းခေါင်ယံတွေရယ်
လတ်ဆတ်တဲ့မျက်ရည်စကားလုံးတွေကို
သံစဉ်ကြိုးနဲ့သီပြီးငိုခဲ့ဖူးတယ်
လွဲမှားတဲ့စာမျက်နှာဟောင်းတွေလို
စာအုပ်စင်ပေါ်မှာဖုန်တလုံးလုံးတတ်ကာကျန်ရစ်ခဲ့မယ်
လက်ရှိဘဝကိုရုန်းထွက်ဖို့ကြိုးစာရင်း
နောင်လာမယ့်ဆယ်စုနှစ်တွေကိုမှန်းမျှော်ကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

ချစ်ခြင်းတရားကိုမျိုသိပ်ကာ
နာကျည်းသိမ်ငယ်စိတ်တွေပြည့်ကျပ်နေတဲ့နေ့တွေရယ်
ဒဏ်ရာတွေဖြေသိမ့်စရာမဲ့တဲ့ဘဝမှာ
သီချင်းလေးတွေမွေးဖွားကာကုစားခဲ့တယ်
အရာရာတိုင်းမှာချို့တဲ့နေ့ရက်တွေဟာ
မာနတရားနဲ့ခါးသီးမှုတွေမွေးဖွားကာရယ်
ဘဝဆိုတာကိုဖြတ်သန်းရင်း
မရိုးနိုင်တဲ့အိပ်မက်တွေနဲ့အရှေ့ကိုမှန်းမျှော်ကြည့်မိတယ် .. 

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် .. 
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

ဆယ်နှစ်ဆယ်ကျော်ဘဝခရီးမှာ
ငယ်ရွယ်နုနယ်မှုတွေထွက်ခွါသွားတဲ့နောက်မယ်
အချစ်ဆိုတာကိုအရူးတစ်ယောက်လို
ရှာဖွေဖို့မေ့လျော့နေခဲ့ပေါ့ကွယ်
နေ့လည်တွေမှာအသက်မဲ့ထမင်းနဲ့ကုန်လွန်ကာ
ကျွန်းပတ်ရထားစီးရင်းအလုပ်သွားခဲ့နေ့တွေရယ်
ခံစားချက်မဲ့ဖုတ်ကောင်လိုရက်လတွေကုန်လွန်ရင်း
အတိတ်ကငါ့ဆီကိုပြန်ကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

နားကြပ်ကသီချင်းတွေနှလုံးသားပေါ်မှာ
ငိုသံမဲ့မနက်ခင်းတိုင်းရဲ့ကိုယ့်ဘဝပုံရိပ်တွေရယ်
လတ်ဆတ်တဲ့မျက်ရည်စကားလုံးတွေကို
ကဗျာကြိုးနဲ့သီပြီးငိုနေမိတယ်
လွဲမှားတဲ့စာမျက်နှာအသစ်တွေလို
စာအုပ်စင်ပေါ်မှာအစီရီနဲ့နေရာချပေးရဦးမယ်
လက်ရှိဘဝမှာရုန်းကန်ကြိုးစာရင်း
ကျန်ခဲ့တဲ့ဆယ်စုနှစ်တွေကိုပြန်ပြောင်းကြည့်မိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..

ချစ်ခြင်းတရားကိုသူသိအောင်ပြသကာ
တစ်ကြိမ်ပြန်လည်လာတဲ့နာကျည်းစရာနေ့တွေရယ်
ဒဏ်ရာတွေတသက်စာလုံလောက်တဲ့ဘဝမှာ
ကဗျာလေးတွေမွေးဖွားကာကုစားနေတယ်
လူတန်းစေ့ရှင်သန်ခွင့်ရတဲ့နေ့ရက်တွေဟာ
မာနတရားနဲ့ခါးသီးမှုတွေအရွယ်ရောက်ကာရယ်
ဘဝဆိုတာကိုဒီလိုပဲခံယူရင်း
မရိုးနိုင်တဲ့ဒဏ်ရာတွေနဲ့အတိတ်ကငါ့ကိုအားပေးမိတယ် ..

မိုးတွေသည်းတဲ့ညကအိပ်မက်တယ် ..
ဟိုးအဝေးတနေရာကငါဟာ
ဒီကနေ့ရဲ့ငါ့ဆီကိုအလည်ရောက်ခဲ့တယ် ..
ငိုကြွေးနေတဲ့အဖြစ်ကိုကြည့်ပြီးသူက
ငါ့ကိုနှစ်သိမ့်နေတယ် ..
ဘဝဆိုတာဒီလိုပဲလို့   
သူ့အဖြစ်ကိုပြန်ပြောပြတယ် ..